Torrent ဘာလဲ ဘယ်လိုအလုပ်လုပ်သလဲ

Best Torrent Sites | CYBERPUNK

Torrent ဘာလဲ ဘယ်လိုအလုပ်လုပ်သလဲ
ခင်ဗျားက ဒေါင်းလုပ် များများလုပ်လေ့ရှိသူ၊ ရုပ်ရှင်တွေ သီချင်းတွေ ဆော့ဖ်ဝဲတွေကို (တရားမဝင်) ဒေါင်းလုပ်လုပ်လေ့ရှိသူဆိုရင် torrent ကို ကိုယ်တိုင်မသုံးဖူးတောင် မြင်ဖူးကြားဖူးတော့ ရှိမှာပါ။ အသိမိတ်ဆွေတွေက torrent ကနေ ဒေါင်းလုပ်လုပ်လေလို့ ညွှန်းတာတွေလည်း ကြားဖူးမှာပါ။ ဒီတော့ torrent အကြောင်း သိသင့်တာလေးတွေ ကျွန်တော်တို့ လေ့လာကြည့်ရအောင်။
ပုံမှန်အတိုင်း ဒေါင်းလုပ်လုပ်ရာမှာ ဖိုင်တွေဟာ ဆာဗာတစ်ခုတည်းပေါ်မှာပဲ ရှိပါတယ်။ ဒီဆာဗာကနေ ဖိုင်တွေကို ဖျက်လိုက်ရင်ပဲဖြစ်ဖြစ် ဆာဗာတစ်ခုတည်းပေါ်ကနေ ဒေါင်းလုပ်လုပ်သူတွေများလို့ပဲဖြစ်ဖြစ် ဒေါင်းလုပ်လုပ်လို့ မရတဲ့ အခြေအနေတွေ ရှိပါတယ်။ ဆာဗာတိုင်းမှာ uplink အတွက် limit တွေ ရှိနေပါတယ်။
Torrent ဆိုတာကကြတော့ အရှင်းဆုံးပြောရရင် File Sharing စနစ်ဖြစ်ပါတယ်။ Peer to Peer - P2P လို့လည်း ခေါ်ပါတယ်။ ခင်ဗျားမှာ သီချင်းတစ်ပုဒ်ရှိတယ်။ ဒီသီချင်းကို torrent အဖြစ်ဖန်တီးပြီး utorrent လို software ကနေ အင်တာနက်ပေါ် လွှင့်တင်ထားလို့ရပါတယ်။ ဒါကို seed လုပ်တယ်လို့ ခေါ်ပါတယ်။ တစ်နည်းပြောရရင် upload ပေးတယ်ပေါ့ဗျာ။ ဖိုင်က ခင်ဗျားဆီမှာ ရာနှုန်းပြည့် ရှိနေပြီးတော့ တစ်ခြားသူတွေကို ပြန် share ပေးနေတာကို seeder လို့ ခေါ်ပါတယ်။
ပြီးတော့ ခင်ဗျားရဲ့ သူငယ်ချင်းတွေကို ဒီ torrent link ပေးလိုက်ပြီဆိုပါတော့။ သူတို့ရဲ့ torrent software ကနေ Hash code တွေကို တိုက်ဆိုင် စစ်ဆေးပြီး မှန်ကန်တယ်ဆိုရင် ခင်ဗျား သူငယ်ချင်းတွေအနေနဲ့ ဒီဖိုင်ကို ဒေါင်းလုပ်လုပ်လို့ရပါပြီ။ အဲဒီလို ဒေါင်းလုပ်ဆွဲယူနေသူတွေကို Leecher တွေလို့ ခေါ်ပါတယ်။ ဒီ ဖြစ်စဉ်မှာဆိုရင် server မလိုပါဘူး။ ခင်ဗျားက ခင်ဗျားရဲ့ စက်ထဲက ဖိုင်ကို ခင်ဗျား သူငယ်ချင်းဆီ မျှဝေပေးနေတာဖြစ်ပြီး ခင်ဗျားရဲ့ သူငယ်ချင်းကလည်း ဒီဖိုင်ကို သူ ရာနှုန်းပြည့် ဒေါင်းလုပ်လုပ်ပြီးသွားရင် သူလည်း seeder ဖြစ်သွားပါတယ်။ Uploader ဖြစ်သွားပါတယ်။ ခင်ဗျားနဲ့သူ့ရဲ့စက်ထဲက သီချင်းဖိုင်ကို ဒေါင်းလုပ်လုပ်သူတိုင်းကို ပြန်ပေးနေပါပြီ။ ဒီလိုနဲ့ အဆင့်ဆင့် ပွားသွားပြီးတော့ Torrent link ရှိသူတိုင်း ဒီဖိုင်ကို ရယူနိုင်ပြီး seeder များလေလေ ဒေါင်းလုပ်လုပ်သူတွေအတွက် speed များများနဲ့ ဒေါင်းနိုင်လေ ဖြစ်လာပါတယ်။
ဖိုင်တစ်ဖိုင်ကို A to E ဆိုပြီး ငါးပိုင်းပိုင်းလိုက်ပြီလို့ မြင်ယောင်ကြည့်လိုက်ပါ။ ဖိုင် အစအဆုံးကို တစ်နေရာတည်းကနေယူတာ မဟုတ်ပဲ seeder တစ်ယောက်ဆီကနေ A ကို ဒေါင်းမယ်။ နောက် seeder တစ်ယောက်ဆီက B ကို ဒေါင်းမယ်။ စသဖြင့် တစ်ပြိုင်တည်းမှာ ဒီလို ဖြန့်ပြီး ဒေါင်းလုပ်လုပ်သွားတဲ့အတွက် ဆာဗာတစ်ခုတည်းကနေ ဒေါင်းတာထက် အများကြီး အဆင်ပြေသွားပါတယ်။ ပိုလည်းမြန်သလို ဒေါင်းလုပ် ပြတ်ကျသွားမှာကိုလည်း စိတ်ပူစရာမလိုတော့ပါဘူး။
Torrent community မှာ အရေးအကြီးဆုံးကတော့ torrent တွေ ဆက်လက် အသက်ရှင်နေဖို့အတွက် upload သို့မဟုတ် seeding ကို စဉ်ဆက်မပြတ် လုပ်ပေးနေဖို့ပါပဲ။ Torrent ကနေ ဒေါင်းလုပ်လုပ်ဖို့အတွက် uTorrent, BitTorrent, Vuze စသဖြင့် torrent client လို့ ခေါ်တဲ့ software တစ်ခု ရှိဖို့ လိုအပ်ပါတယ်။
ဒေါင်းလုပ်လုပ်ရာမှာတော့ torrent file တွေကို စုစည်းပေးထားတဲ့ website တွေ ရှိပါတယ်။ ဒါပေမယ့် အများစုဟာ တရားမဝင် ခိုးကူး ဆော့ဖ်ဝဲတွေ သီချင်းတွေ ရုပ်ရှင်တွေ စာအုပ်တွေ ဖြစ်ပါတယ်။ သတိပြုပါ။ ဒီခိုးကူးတွေကနေ virus တွေ ပါလာနိုင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ တရားဝင် အခမဲ့ပေးတဲ့ဖိုင်တွေကိုပဲ ဒေါင်းလုပ်လုပ်စေချင်ပါတယ်။
Torrent ဖိုင် ဒေါင်းလုပ်လုပ်ရာမှာတော့ speed ကောင်းကောင်းရဖို့အတွက် Seeder အများဆုံးနဲ့ Leecher အနည်းဆုံး torrent ဖိုင်ကို ရွေးချယ်ရပါမယ်။ ဒေါင်းလုပ်ပြီးသွားရင် နောက်လူတွေ အဆင်ပြေစေဖို့အတွက် ကိုယ် ဒေါင်းပြီးတဲ့ဖိုင်ကိုလည်း torrent client ကနေ ဆက်လက်ပြီး seed လုပ်ဖို့ မမေ့ပါနဲ့။
နောက်ဆုံးအချက်အနေနဲ့တော့ ခိုးကူးတွေကို တတ်နိုင်သမျှရှောင်ပါ။



DOWNLOAD  
Previous Post Next Post